Cameron Highlands 2D1N trip

Cameron Highland ကို ဒုတိယအကြိမ်မြောက်ရောက်ပြီး တော်တော် ကျွမ်းကျင်သွားတဲ့အတွက် travel guide ရေးပါမယ်။ :D CH က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၀၀ ကျော်မှာရှိတဲ့ တောင်ပေါ်မြို့ တစ်မြို့ပါ။ စိုက်ခင်းတွေ အများကြီးရှိပြီး ရာသီဥတု သာယာတာတဲ့ မလေးရှားနိုင်ငံရဲ့ tourist attraction တွေထဲက တစ်ခုပေါ့။ 

ဘတ်စ်ကားလက်မှတ်ကို http://www.busonlineticket.com/ ကနေ ဝယ်လို့ရပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်မှာ Coach လက်မှတ်တွေဘဲရောင်းတာ။ လက်မှတ်က အသွားအပြန် ရင်းဂစ် ၇၀။ ရိုးရိုး ကားလက်မှတ်တွေက၂၈ ရင်းဂစ်။ Hotel ကိုတော့ ထုံးစံအတိုင်း www.booking.com ကနေ book လုပ်ထားတယ်။ ပိုက်ဆံကြိုပေးစရာ မလိုဘူး။ Hotel booking လုပ်တဲ့အခါ နေရာကို သေချာဖတ်ပါ။ Cameron Highlands တစ်ခုလုံးက Berinchang, Tanah Rata, Ringlet ဆိုပြီး မြို့ငယ်လေး သုံးမြို့နဲ့ ဖွဲ့စည်းထားတာ။ Tourist attractions တွေအကုန်လုံးက Berinchang မှာရှိပါတယ်။ အဲဒီတော့ ကိုယ်ပိုင်ကားမပါတဲ့အခါ အချိန် save ဖြစ်ချင်ရင် Berinchang မှာရှိတဲ့ ဟော်တယ်ကို ရွေးပါ။ Tanah Rata က ဟော်တယ်တွေကတော့ စျေးနည်းနည်း ပိုသက်သာတယ်။ Ringlet ကတော့ တော်တော်ဝေးသွားပြီ။ ဒါပေမယ့် Cameron Highlands မှာက တက္ကစီရှာရ နည်းနည်းခက်တော့ Budget traveller အတွက် Berinchang မြို့လယ်ခေါင်က ဟော်တယ်တွေက အဆင်အပြေဆုံးပါဘဲ။ ကျမတော့ ကိုယ်သွားချင်တဲ့ နေရာတော်တော်များများနဲ့ နီးပြီး စျေးသက်သာတဲ့ Hong Kong Hotel ကို ရွေးပါတယ်။ လေးယောက်ခန်း တစ်ညကို ရင်းဂစ် ၂၂၀ ပေးရပါတယ်။ tax နဲ့ service charge ထပ်မပေးရပါဘူး။ weekdays သွားရင်တော့ ဟိုတယ်က ရောက်မှငှားလည်း အဆင်ပြေတယ်။ အစိုးရ ရုံးပိတ်ရက်တွေဆိုရင်တော့ တစ်ပါတ်လောက် ကြိုပြီး booking လုပ်ရင်တောင် မကျန်တော့တာများတယ်။  လူများရင်တော့ apartment တွေငှားတာ ပိုတန်တယ်။ 

KL ကနေ CH ကို လေးနာရီလောက်ဘဲကြာတယ်။ လမ်းမှာ ၁၅မိနစ်လောက်ဘဲ ရပ်ပေးတဲ့အတွက် ကားမထွက်ခင် မနက်စာ/နေ့လည်စာကို အဝစားထားတာ ကောင်းပါတယ်။ KL ကနေထွက်ပြီး လမ်းတစ်ဝက်ထိက အေးဆေးဘဲ၊ ဟိုင်းဝေးလမ်းက ဖြောင့်နေရော။ တောင်ပေါ်စတက်တဲ့အချိန်ကနေ နောက်ထပ် တစ်နာရီနဲ့မိနစ်၂၀ ကတော့ ရေလည်ခံစားရတယ်။ ဘတ်စ်ကားသမားတွေက အကွေ့အကောက် ဒီလောက်များတဲ့ တောင်တက်လမ်းကို အရှိန်မလျှော့ဘဲ မောင်းတော့ ဇီးဖြူသီး ဇကောထဲထည့်လှိမ့်သလို လူကို မူးနောက်သွားတာဘဲ။ အိတ်တွေ ဖိနပ်တွေ ချထားရင် အကုန် လှိမ့်ကုန်တယ်။ ကားရပ်မှ မနည်းပြန်လိုက်ရှာကောက်ရတယ်။ :D ရန်ကုန်−တောင်ကြီးလမ်းတောင် အဲလောက် မမူးဘူး။ လျှောက်လည်မယ် အားခဲထားတာတောင် ရောက်ရောက်ချင်း မလှုပ်နိုင်တော့ဘူး၊ အကုန်မူးသွားကြတာ။ တော်သေးတယ် ဟိုတယ်က စောစော check-in ပေးလုပ်တော့ ခဏနားပြီးမှ နေ့လည်စာ ထွက်စားရတယ်။

 အပေါ်တစ်ပုံက ဟော်တယ်ကနေ ရိုက်ထားတာ။ Brinchang မြို့လယ်ခေါင်ပေါ့။ ရှေ့တည့်တည့်မှာ taxi stand ရှိတယ်။ ပါတ်ပါတ်လည်မှာ တရုတ် စားသောက်ဆိုင်တွေရှိတယ်။ မနက်စာနဲ့ နေ့လည်စာရောင်းတဲ့ မလေး food court လည်း ရှေ့နားတင်ဘဲ။ အဲဒီ food court က စျေးသက်သာပြီး အစားအသောက်တွေ ကောင်းတယ်။ ရှေ့နားမှာ အိန္ဒိယ(mamak) စားသောက်ဆိုင် တစ်ဆိုင်လည်း ရှိတယ်။ ညစျေး Pasar Malam ကိုလည်း ငါးမိနစ်လောက် လျှောက်ရင် ရောက်တယ်။ တက္ကစီကတော့ ဘတ်စ်ကားဂိတ်မှာတုန်းက တွေ့တဲ့ တက္ကစီသမားရဲ့ ဖုန်းနံပါတ်ကို ယူထားလို့ တော်သေးတယ်။ weekend ဆိုတော့ တက္ကစီ ရှာရ ခက်တယ်။ အဲမှာ တက္ကစီတွေက မီတာနဲ့မသွားဘူး။ standard price တစ်နာရီ ၂၅ရင်းဂစ်နဲ့ သွားချင်တဲ့နေရာ ပို့ပေးတယ်။ အနည်းဆုံး သုံးနာရီ ငှားရတယ်။

သွားဖြစ်ခဲ့တဲ့နေရာတွေ 
 ၁။ BOH Tea Centre (Sungai Palas)
လက်ဖက်ခင်းနားမှာထိုင်ပြီး အေးဆေး လက်ဖက်ရည်သောက်ရတဲ့ အရသာ ဘာနဲ့မှကို မတူဘူး။ လက်ဖက်ရည် အရသာကတော့ ဘာမှ မထူးခြားပေမယ့် ရာသီဥတုရယ် ရှုခင်းရယ်က စိတ်ချမ်းသာစရာကောင်းတယ်။ 

၂။ Butterfly Garden 
Butterfly garden ထဲမှာ လိပ်ပြာတွေ အစုံဘဲ။ အရွယ်ကလည်း အကြီးကြီးတွေ။ ဒါပေမယ့် လိပ်ပြာတွေက ပျံမနေဘဲ အားလုံး တစ်နေရာမှာဘဲ ငြိမ်ပြီး ကပ်နေကြတယ်။ အသက်လည်း ရှင်နေသေးတယ်။ ဆေးတစ်ခုခုကျွေးထားပုံရတယ်။ ခုဟာက တစ်ကောင်မှလည်း မလှုပ်တော့ လိပ်ပြာရုပ်ကြွင်းပြတိုက်လို ဖြစ်နေတယ်။ 

၃။ Rose Centre 
Rose Centre ရယ် butterfly garden ရယ်က BOH tea centre အထွက်နားမှာဘဲ။ ဘေးနားမှာ Bee Garden လည်းရှိသေးတယ်။ ရောက်ဖူးပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ rose centre က တော်တော်ကျယ်တယ်။ အထပ်ထပ် လုပ်ထားတာ။ နှင်းဆီပန်းရောင်စုံတွေ အများကြီးဘဲ။ 

၄။ Pasar Malam (ညစျေး) 
အပေါ်က သုံးနေရာနဲ့တင် သုံးနာရီကျော်လောက် အချိန်ကုန်သွားတယ်။ ည၇နာရီထိုးခါနီးနေပြီဆိုတော့ ညစျေးမှာဘဲ ချပေးဖို့ တက္ကစီ သမားကို ပြောရတယ်။ Cameron highland မှာ လမ်းမကြီး တစ်လမ်းဘဲအဓိက ရှိတာဆိုတော့ အြပန်မှာ လမ်းတစ်အားကြပ်တယ်။ စနေနေ့ ညနေတိုင်း အဲလိုဘဲ လမ်းကြပ်တယ်လို့ ပြောတယ်။ ၁၀မိနစ်လောက်မောင်းရင် ရောက်ရမယ့်နေရာကို မိနစ်လေးဆယ်လောက် ကြာသွားတယ်။ ညစျေးမှာတော့ အစားအသောက် တော်တော်စုံတယ်။ လက်ဆောင်ဝယ်ချင်ရင်လည်း souvenir ပစ္စည်းလေးတွေ အစုံဘဲ။ စတော်ဘယ်ရီလည်း ညစျေးက ဝယ်ထားရင် တန်တယ်။ စိုက်ခင်းတွေမှာ သွားဝယ်ရင်က စျေးများတယ်။ ကောက်ရိုးမှို၊ enoki မှို၊ ဘရိုကိုလီ တွေကို ဂျုံနဲ့ စွပ်ကြော်ထားတာ တော်တော်စားကောင်းတယ်။ ကြာဇံဟင်းခါးထဲထည့်တဲ့ ပန်းခြောက် ရဲ့ ပန်းအစိုကိုလည်း ကြော်ရောင်းကြတယ်။ အကြော်ရယ်၊ စတော်ဘယ်ရီတွေရယ်၊ အခြားအသီးအနှံတွေ ဝယ်ပြီး ညဘက်ကြ ဟိုတယ်မှာ လုစားကြတာ ပျော်စရာကောင်းတယ်။ 

၅။ Steamboat dinner @ Hotel Titiwangsa 
မလေးလူမျိုးတွေ ရေးတဲ့ ဘလော့ဂ်တွေထဲမှာ ကောင်းတယ်လို့ ရေးကြလို့ သွားစားတာ။ တစ်ယောက်၂၀ပေးရပြီး service ရော အစားအသောက်ရော ကျေနပ်စရာ မကောင်းဘူး။ ဗိုက်တော့ပြည့်သွားတယ်။ 

၆။ Cactus Valley 
ဟိုတယ်ကနေ ၁၀မိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။ ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ်ငါးကျပ်။ Cactus အပင် အကြီးအသေး မျိုးစုံဘဲ။ ကြည့်ရတာ အသည်းယားလာတယ်။ အထွက်နားမှာ cactus ပင်လေးတွေ ဝယ်လို့လည်းရတယ်။ အပင်ဝယ်တာတော့ Cactus Point မှာသွားဝယ်ရင် ပိုဝယ်လို့ကောင်းတယ်။ အဲတစ်ခုက ရောင်းဖို့ သက်သက် ဖွင့်ထားတာဆိုတော့။

၇။ Big red Strawberry farm 
Cactus Valley ဘေးမှာတင်ရှိပါတယ်။ အခြား strawberry farm တွေလည်း အများကြီး ရှိပေမယ့် ဒီတစ်ခုက ဟိုတယ်နဲ့နီးပြီး cactus valley နဲ့လည်းနီးတော့ တစ်ခါတည်း ၂နေရာ ရောက်တဲ့အတွက် အဆင်ပြေတယ်။ အစားအသောက် အရမ်းကောင်းတယ်။ strawberry စိုက်ခင်းရယ် အြခား ဆလတ်ရွက် စိုက်ခင်းတွေရယ်ရှိတယ်။ အပြန်လက်ဆောင်အတွက် စတော်ဘယ်ရီကို စိုက်ခင်းထဲကဝယ်ရင် စျေးများတယ်။ Farm ကနေ အပြင်ထွက်လာရင် အောက်ဘက်နားမှာ ရွာတွေက တိုက်ရိုက်လာရောင်းတဲ့သူတွေ ရှိတယ်။ အဲမှာ စျေးဆစ်ရင် ဆစ်နိုင်သလောက် စျေးသက်သာတယ်။ 

၈။ Cameron Bharat Tea Plantation 
 ပထမတစ်ရက်မှာ လက်ဖက်ခင်းတွေကြား ဓါတ်ပုံရိုက်ရတာ မဝကြသေးဘူးဆိုတော့ Tanah Rata မှာရှိတဲ့ လက်ဖက်ခင်း နောက်တစ်ခုကို ထပ်သွားတာ။ BOH tea centre က အပေါ်ကနေ ကြည့်ရတဲ့ ရှုခင်း ပိုလှပြီး ဒီတစ်ခုက လက်ဖက်ခင်းကြားထဲ ဝင်လျှောက်လို့ ပိုကောင်းတယ်။ 

လက်ဖက်ခင်းထဲမှာတင် အချိန်တော်တော်ကြာသွားတော့ အြခားနေရာဆက်မသွားတော့ဘဲ ကားဂိတ်ကို ပို့ခိုင်းလိုက်တယ်။ ပထမရက်နဲ့ ဒုတိယရက်မှာ ငှားတဲ့ တက္ကစီသမား၂ယောက်  နာမည်က မူတူးနဲ့ တစ်ယောက်က ဆာမိတဲ့။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ သူတို့ အဖေတွေက ကိုလိုနီခေတ်မှာ လက်ဖက်ပင်စိုက်စားဖို့ အိန္ဒိယကနေ မလေးရှားရောက်လာကြပြီး Cameron Highland မှာဘဲ အခြေချ နေကြတယ်လို့ပြောတယ်။ သူတို့က တက္ကစီမောင်းပြီး စုထားတဲ့ ပိုက်ဆံနဲ့ နှစ်တိုင်း နိုင်ငံခြား ခရီးသွားကြတယ်တဲ့။ ဒီနှစ် မေလမှာ မြန်မာပြည်သွားဖို့ tour package ဝယ်ထားပြီးတာဆိုတော့ မြန်မာတွေ့တော့ ဝမ်းသာအားရ စကားပြောကြတယ်။ ဒါပေမယ့် မြန်မာပြည်ကသတင်းတွေဖတ်ပြီး သူတို့လန့်နေကြတယ်။ ရန်ကုန်ဘက်မှာတော့ ဘာမှ မဖြစ်ပါဘူး၊ စိတ်မပူနဲ့လို့တော့ ပြောလိုက်တာဘဲ။ သူတို့က ပိုက်ဆံအကုန် ချေထားပြီးပြီမို့သာ သွားရတာ၊ မဟုတ်ရင် cancel လုပ်ဖြစ်ဖို့များတယ်ပြောတော့ သူတို့လို လာဖို့ စီစဉ်ထားပြီး မြန်မာပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ခရီးစဉ်ဖျက်လိုက်ကြတဲ့ တိုးရစ်တွေ ဘယ်လောက်များမလဲ မသိဘူး။

နှစ်ရက် တစ်ညဘဲသွားတာဆိုတော့ မရောက်ဖြစ်လိုက်တဲ့နေရာတွေ 
၁။ Cactus point − cactus ပင်လေးတွေ ဝယ်ချင်ရင် ဝယ်လို့ကောင်းတယ်။
၂။ Vegetable Market - ဟင်းသီးဟင်းရွက် အစုံ လတ်လတ်ဆတ်ဆတ်ရတယ်။
၃။ Lavender Centre - ဒီတစ်ခုက အသစ်ဖွင့်ထားတာ သိပ်မကြာသေးဘူး။
၄။ The Smoke house − ဓါတ်ပုံရိုက်လို့ကောင်းတယ်လို့ပြောကြတယ်။
၅။ Time Tunnel Museum


Photo Sphere: capturing the world around you

Android 4.2 မှာ ပါလာတဲ့ Photo Sphere ကိုသုံးပြီး စမ်းရိုက်ထားတဲ့ပုံတွေ ကြွားလိုက်ပါဦးမယ်။ :D တစ်ပုံမှတော့ စိတ်ရှည်လက်ရှည် သေချာမရိုက်ရသေးဘူး။ ၃၆၀ဒီဂရီ လှည့်ပြီး ရိုက်ရတာဆိုတော့ လူကြားထဲ ရိုက်လို့ကလည်း မကောင်းဘူး။ ဖုန်းကိုင်ပြီး တစ်ပါတ်လည်နေရင် လူတွေက အူကြောင်ကြောင်ဆိုပြီး ဝိုင်းဝိုင်းကြည့်တာနဲ့ ပုံကောင်းကောင်းကို မရသေးဘူး။ တစ်ခါတစ်လေ သေသေချာချာ ရိုက်လို့ပြီးခါနီးမှ ဖုန်းကောလ်ဝင်လာရင် app က ဟန်းသွားပြီး ပုံက ပျက်သွားရော။ ရောက်လေရာအရပ်မှာ စမ်းရိုက်ထားတဲ့ပုံလေးတွေနဲ့ မျက်စိဒုက္ခ ပေးလိုက်ပါဦးမယ် :D 
------------
Camera: Galaxy Nexus, 5.0 MP
Android version: 4.2.1
-------------
 ကျောင်းမှာ ရိုက်ထားတာ Faculty of ICT building, IIUM [view on Google+]
 
ဒီတစ်ပုံက Tasik Titiwangsa ပန်းခြံမှာ [view on Google+]

မလေးရှားနိုင်ငံရဲ့ အကြီးဆုံးဗလီ Shah Alam Blue Mosque

 Shah Alam I-city က LED wonderland (ဒီတစ်ပုံ သေချာကြည့်ရင် ခြေပြတ်တွေရော ခေါင်းပြတ်တွေရော ပါတယ်။ :D)
အပေါ်ကပုံလို ၃၆၀ဒီဂရီ ပြည့်အောင် ရိုက်ထားမယ်ဆိုရင် "apply tiny Planet" ဆိုပြီး ခုလို အဝိုင်းဖြစ်အောင် လုပ်လို့ရသေးတယ်။ အလယ်က ဝိုင်းမနေတာကတော့ ၃၆၀ ဒီဂရီပြည့်ဖို့ နည်းနည်းလိုသွားလို့။ ကျန်တဲ့ပုံတွေကတော့ တစ်ပိုင်းတစ်စဘဲ ရိုက်ထားတာမို့ tiny Planet လုပ်လို့မရဘူး။ 


Trick Art Museum, Shah Alam

အရင်တစ်ခေါက် ရေးခဲ့ဖူးတဲ့ Shah Alam က i-city မှာ မကြာသေးခင်ကမှ အသစ်ဖွင့်ထားတဲ့ Trick Art Museum ကို ရောက်ဖြစ်ခဲ့တယ်။ 

အထဲမှာ 3D paintings (လက်နဲ့ဆွဲထားတဲ့ 3D ပန်းချီလက်ရာ) တွေကို masterpieces, Egyptian, sea life, animal kingdom နဲ့ modern classic ဆိုပြီး theme ငါးခုခွဲပြီး ပြသထားတယ်။ နိုင်ငံတကာက ပန်းချီပညာရှင် ၁၀ယောက်ကို ဖိတ်ခေါ်ပြီး ဆွဲထားတယ်လို့ပြောတယ်။ 

ပြတိုက်ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ်၅ကျပ်ဆိုတော့ တော်တော့်ကို တန်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက လက်မှတ်ကို စာရွက်တွေနဲ့ မပေးတော့ဘဲ ငါးယောက်စာဝယ်ရင် လက်မှတ်ကောင်တာမှာ NFC ကဒ်တစ်ကဒ် ထဲကို တစ်ခါတည်း write လုပ်လိုက်တယ်။ ကဒ်ဖိုး Deposit ငါးကျပ်တော့ ပေးခဲ့ရတယ်။ ပြတိုက်အဝင်ဝမှာ ဝန်ထမ်းတစ်ယောက်က အဲဒီ ကဒ်ကို tap လုပ်ပေးပြီး ဝင်ရတယ်။ ပြတိုက်က ပြန်ထွက်လာတော့မှ ကဒ်ကို ပြန်အပ်ရင် deposit ငါးကျပ် ပြန်ရတယ်။ NFC technology ကို အပြင်မှာသုံးတာ ဒါပထမဆုံး မြင်ဖူးတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ NFC-enabled စမတ်ဖုန်းထဲကို တစ်ခါတည်းရေးပေးလိုက်မယ်ဆိုရင် deposit ပေးရ ပြန်ယူရတဲ့အလုပ် သက်သာသွားမယ်ထင်တယ်။ 

ပန်းချီကားတိုင်းရဲ့ ဘေးနားမှာ ဘယ်လို ဓါတ်ပုံရိုက်လို့ရတယ်ဆိုတာပါ တစ်ခါတည်း sample ပြထားတော့ တော်တော်မိုက်တယ်။ 
 ပြတိုက်ဝင်ဝင်ချင်း ပထမဆုံး တွေ့ရတဲ့ ပန်းချီကား

နံရံတစ်ချပ်ြခားပြီး မှန်လိုဖြစ်အောင် ဆွဲထားတာ။ ဒီတစ်ပုံကို တော်တော်သဘောကျမိတယ်။ 

3D ပန်းချီကားအချို့

i-city ထဲက အခြား လည်ပါတ်စရာ နေရာနဲ့ စျေးနှုန်းတွေ 

  
ကစားကွင်းတစ်နေရာ
KL ရောက်ရင် သွားလည်စရာနေရာတစ်ခု တိုးတာပေါ့။ :) Public Transport တိုက်ရိုက်တော့မရှိဘူး။ KL Central ကနေ KTMရထား  ကို Shah Alam ဘူတာထိစီးပြီး (နာရီဝက်လောက်)၊ တက္ကစီနဲ့ i-city ကို ၁၀မိနစ်လောက်ဆို ရောက်တယ်။ 


New features in Android 4.2 (Jelly Bean)

ဒီနေ့မနက်ဘဲ Galaxy Nexus အတွက် Android 4.2 update ရတယ်။ update စပေးတာ တစ်ပါတ်လောက်ရှိပြီဆိုပေမယ့် takju version တွေကို အရင်ပေးတော့ yakju က ဒီနေ့မှရတယ်။ Android 4.2 ကို Key Lime Pie လို့ နာမည်ပြောင်းမယ်ထင်တာ မပြောင်းဘူး။ Jelly Bean လို့ဘဲ ဆက်ခေါ်တယ်။ ICS (4.0.4) နဲ့ Jelly Bean (4.1.1, 4.1.2) ကြားမှာတုန်းက (ထောပါတ်သုတ်တာကလွဲရင်) ဘာမှ သိပ်ထူးထူးခြားခြား update မလုပ်လိုက်လို့ဖြစ်မယ်။ :D 4.2 မှာတော့ feature အသစ်တွေ အများကြီးပါလာတယ်။ အဓိက update ကတော့ photo sphere နဲ့ gesture typing တွေပါ။

၁။ Jelly Bean ရဲ့ codename က project butter ဆိုတဲ့အတိုင်း သိသိသာသာကို ချောမွေ့မြန်ဆန်လာတယ်။

၂။ Camera Controls - လူအများစုဟာ စမတ်ဖုန်းကို ဓါတ်ပုံရိုက်ပြီး အင်တာနက်မှာ ရှဲဖို့အတွက် အဓိက သုံးတယ်လို့ သုတေသီတွေက ဆိုတဲ့အတွက် Android team ကလည်း Camera app ကို စပါယ်ရှယ်ပြင်ရေးပုံရပါတယ်။ feature တွေ အသစ်တွေ အများကြီး တိုးလာတယ်။ ဓါတ်ပုံရိုက်နေရင်း လက်နှစ်ချောင်းနဲ့ pinch လုပ်ပြီး zoom in/out လုပ်လို့ရလာတယ်။ ညာဘက်အောက်နားက အဝိုင်းလေးကို tap လုပ်ပြီး settings, white balance, flash တွေ အလွယ်တကူ ပြောင်းလို့ရလာတယ်။ Android 4.0.1 မှာ panaroma capture ပါလာပြီး အခု Android 4.2 မှာ Photo Sphere ကို စတင်မိတ်ဆက်လာတယ်။


၃။ Photo Sphere mode ကိုသုံးပြီး ဖုန်းကင်မရာနဲ့ Google Street View လိုမျိုး ၃၆၀ ဒီဂရီ ရိုက်လို့ရတယ်လို့ ဆိုပါတယ်။ Photo Sphere နဲ့အတူ အဲဒီ ၃၆၀ဒီဂရီကို လှည့်ကြည့်လို့ရတယ့် Gallery feature ကို Google+ မှာ တပြိုင်တည်း release လုပ်တာ တွေ့ရတယ်။ (အခုရုံးမှာဆိုတော့ မစမ်းကြည့်ရသေးဘူး။ နောက်ရက်မှ သေချာစမ်းကြည့်ရမယ်။) သူများတွေရိုက်ထားတဲ့ပုံတွေတော့ တော်တော်မိုက်တယ်။
photo sphere collection 
Photo Sphere နဲ့ရိုက်တဲ့ပုံတွေကို JPEG format နဲ့သိမ်းပြီး ပုံနဲ့ပါတ်သက်တဲ့ အခြား information တွေကို open XML metadata အနေနဲ့ ပုံမှာ တွဲလျက် save လုပ်ထားတယ်လို့ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Google+ မှာတင်လို့ရမယ်။ အီးမေးလ်ပို့လို့ရမယ်။ Facebook ကရော photo sphere ကို support လုပ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ 


 ၄။ Photo filter - Instragram တို့လိုမျိုး Gallery ကနေ ဓါတ်ပုံတွေ တိုက်ရိုက် edit လုပ်လို့ရလာပါပြီ။ သိပ်တော့ မစုံဘူး။ Gallery ကနေ ဓါတ်ပုံကြည့်ရင်း ပထမဆုံးပုံမှာ ဘယ်ဘက်ကို swipe လိုက်ရင် ကင်မရာကို ပြန်ဖွင့်ပေးတယ်။ 


၅။ Gesture typing - စာတစ်လုံးချင်း ရိုက်စရာမလိုဘဲ Swype လိုမျိုး ဆွဲဆွဲပြီး စာရိုက်သွားလို့ရတဲ့ function ကီးဘုတ်အသစ်မှာ ပါလာတယ်။ Swype ထက်အများကြီး smooth ပိုဖြစ်တယ်။ စာရိုက်ရတာ ပိုအဆင်ပြေလာတယ်။ 


၆။ Font - မြန်မာစာ အရင် ဇော်ဂျီ ဖောင့် embed လုပ်ထားတဲ့ webview app က မြန်မာစာတွေ မမြင်ရတော့ဘူး။ native app ကတော့ ကောင်းကောင်း အလုပ်လုပ်သေးတယ်။ 1st Myanmar Browser လည်း မြန်မာစာ မမြင်ရတော့ပြန်ဘူး။ Arabic unicode ကိုတော့ 4.1 မှာစပြီး fully-support လုပ်တာ တွေ့ရတယ်။ မြန်မာယူနီကုဒ်ကိုတော့ ဘယ်ခါ full-support လုပ်မလဲ မသိ။ (အခုက partially support လုပ်ထားတော့ ဇော်ဂျီကိုလည်း ကောင်းကောင်းဖတ်မရတော့ဘူး။ ယူနီကုဒ်လည်း အပြည့်အဝ ဖတ်မရသေးဘူး။)


၇။ Lock screen Widgets - Screen ကို unlock မလုပ်ဘဲ ဘယ်ဘက်ကို swipe လိုက်ရင် ကင်မရာဖွင့်ပေးပြီးတော့ ညာဘက်ကို ဆွဲရင် calendar/clock/gmail/messaging တစ်ခုခု ချက်ချင်းဖွင့်လို့ရအောင် configure လုပ်လို့ရလာတယ်။ တွေ့သမျှ မလွတ်တမ်း ဓါတ်ပုံရိုက်ယူထားလို့ရအောင်နေမယ်။ :D


၈။ Developer Options - Android 4.2 မှာ ဂူဂယ်က Developer Options ကို hide လုပ်ထားပါတယ်။ USB debugging ရှာမတွေ့လို့ လန့်သွားတယ်။ နောက်မှ နည်းတွေ့ပါတယ်။ Setting->About phone ကိုသွားပါ။ အောက်ဆုံးထိ scroll လုပ်ပါ။ Build number ကိုတွေ့ရင် ၇ကြိမ်တိတိ tap လုပ်ပေးမှ ဖုန်းဟာ developer ဖုန်းဖြစ်သွားပြီး Developer Options ပြန်ပေါ်လာပါမယ်။
ref: http://howto.cnet.com/8301-11310_39-57549207-285/restore-the-developer-options-menu-in-android-4.2/


၉။ Jelly Bean Easter egg - Settings->About phone ကနေ Android version ကို ဆက်တိုက် tap လုပ်ပေးရင် Android ဗားရှင်းထဲမှာ ဖွက်ထားတဲ့ Easter ထွက်လာတယ်ဆိုလို့ tap ကြည့်ရသေးတယ်။ Android 2.3 (Gingerbread) ကတည်းကစပြီး Easter egg တွေ ထည့်ထားတယ်ဆိုပေမယ့် ခုမှ သတိထားမိတယ်။ Android 4.2 မှာကြတော့ Jelly Bean Easter Egg လေးထွက်လာရင် ၅စက္ကန့်လောက် ဆက်ဖိထားရင် နောက်ထပ် bean တွေအများကြီး ထပ်ထွက်လာတယ်။ Beanflinger လို့ခေါ်တယ်တဲ့။ 

၁၀။ Daydream - Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ feature အသစ် ပါလာတယ်။ ကွန်ပျူတာ screen saver လိုမျိုး။ 

၁၁။ Multi-user login on tablets: tablet ကို လူအများကြီး ရှဲသုံးလို့ရပြီလို့ ဆိုတယ်။ ဖုန်းတွေမှာ မပါဘဲ tablet မှာဘဲ ပါတဲ့အတွက် စမ်းကြည့်လို့ မရတော့ ဘယ်လိုလည်း သေချာမသိ။  
၁၂။ December bug - Contacts add လုပ်တဲ့အခါ မွေးနေ့တို့ anniversary တို့ ထည့်မယ်ဆို December ပျောက်နေတယ်။ ဘယ်ကဘယ်လိုများ ဒီဇင်ဘာ တစ်လလုံး ချန်ခဲ့ရသလဲ မသိဘူး။ အဲဒီအတွက် နောက် update မကြာခင်တော့ ထုတ်ရဦးမယ်နေမယ်။  သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဒီဇင်ဘာ၂၁ မှာ ကမ္ဘာမပျက်ဘူးဆိုမှ bug fix ထုတ်ပေးမလားမသိဘူးတဲ့။ :D 
(**update: December bug solved in 4.2.1 update)

Android ဗားရှင်းအသစ် release လုပ်တိုင်း အရင်ဆုံးရတဲ့အတွက်တော့ Nexus ဖုန်း ဝယ်ထားရတာ တော်တော်တန်သွားတယ်။ LG ရဲ့ Nexus 4 လိုချင်တာ ခုဖုန်းကလည်း တော်တော်ကောင်းနေသေးတယ်။ နောက်ထပ် Nexus အသစ်ထွက်မှဘဲ လဲတော့မယ်။ 

Ref:
- http://www.android.com/whatsnew/ 
- What’s New in Android 4.2 Jelly Bean (Wired.com)