Mom's recipe - Hot Pot!!

မြန်မာပြည်ပြန်တိုင်း အမေ့ကို အမြဲ ဟော့ပေါ့ လုပ်ကျွေးခိုင်းတယ်။ ဟော့ပေါ့တို့ steamboatတို့က ဒေသအလိုက် မူတည်ပြီး အထဲထည့်တဲ့ အစာတွေ ကွဲတယ်ထင်တယ်။ အိမ်က အမြဲချက်လေ့ရှိတာတော့ ယူနန်စတိုင် ဖြစ်မယ်။ ready-madeအသားတုတွေ မသုံးဘဲ အကုန်လုံးကို ကိုယ်တိုင် လုပ်တာဆိုတော့ အချိန် တော်တော်ပေးပြီး ချက်ရတယ်။ 

 ingrediens 1
Meat Ingredients
၁။ အမဲသားကြက်ဥလိပ် (蛋卷) − ဒီတစ်ခုက လုပ်ရတာ တော်တော်လက်ဝင်တယ်။ စစချင်း ကြက်ဥကိုခေါက်ပြီး တစ်ချပ်ချင်း ပါးပါးလေး ရအောင် non-stick pan နဲ့ ကြော်တယ်။ ပြီးရင် အမဲသားတောက်တောက်စဉ်း+ဂျင်း+ကြက်သွန်ဖြူ နယ်ထားတာကို ကြက်ဥပေါ် ပါးပါးလေးသုပ်၊ ပြီးရင် လိပ်။ အသားက အစိမ်းထည့်ထားတာဆိုတော့ steamer နဲ့ ပြန်ပေါင်းရသေးတယ်။ လုပ်ရတာ လက်ဝင်သလို စားလို့လည်း အတော်ကောင်းတယ်။ 

၂။ ငါးဖယ် − အလုံးသေးသေးလေးတွေလုံးပြီးကြော်။ 

၃။ စူးကျီး − ကြက်ဥနဲ့ ဂျုံနဲ့ခေါက်ပြီး အလယ်မှာ ကြက်သားဌာပနာပြီး ကြော်ရတာ။ ပန်းသေး အစားအသောက်တစ်မျိုးဘဲ။ 

၄။ နွားလျှာ − pressure-cooker နဲ့ နူးနေအောင် ပေါင်းရတာ။


ingrediens 2
Vegetable
၅။ စူကာရွက် − တောင်ကြီးမှာ စူကာသီးလို့ခေါ်ပေမယ့် အခြားဒေသတွေမှာ ဂေါ်ရခါးသီးလို့ခေါ်တယ်ထင်တယ်။ အဲဒီအပင်ရဲ့ အရွက်ကိုမှ အညွှန့် နုနုလေးတွေဘဲ ရွေးပြီး ရေနွေးနဲ့ ခဏလေး ကြိုဖျောထားတယ်။

၆။ ကန်စွန်းရွက်− အမေရဲ့ original recipe မှာ ကန်စွန်းရွက်မပါဘူး။ အမေက ဘာအရွက်တွေလဲမသိဘူး ရှာမရလို့ဆို အရွက်နည်းနေတယ်ပြောလို့ ကန်စွန်းရွက်ထည့်ဖို့ အကြံပေးထားတာ။ :D 

၇။ မုန်ညင်းဖြူ − မုန်ညင်းဖြူကိုလည်း ရေနွေးနဲ့ ခဏလေး ပြုတ်ထားတယ်။

၈။ မုန်လာဥဖြူ − မုန်လာဥဖြူကို ကြက်သားဟင်းရည်နဲ့ ကျက်ခါနီးထိ အရင်ပြုတ်ထားရတယ်။ 

Soup base
၉။ soup-base က ကြက်သားဟင်းရည်ဆိုတော့ ကြက်၂ကောင်လောက်ကို အရင်ပြုတ်ထားရတယ်။ မွေးမြူရေးကြက်မှ စားလို့ကောင်းတာဆိုပြီး အဲဒီ ကြက်ကို ပြုတ်ရတာလည်း လေးငါးနာရီလောက်ကြာတယ်။ 
− ပိန်းဥနဲ့ အမဲသားလုံးက ရှာမရလို့ ဒီတစ်ခေါက် မပါလိုက်ဘူး။

ဟော့ပေါ့ထဲ ထည့်ရတဲ့ အစာတွေက လက်ဝင်လွန်းတော့ အမေက တစ်ခါလုပ်ရင် အများကြီးလုပ်ပြီး မောင်နှမဝမ်းကွဲတွေအများကြီး တစ်ခါတည်း ခေါ်စားတာ ပျော်ဖို့ကောင်းတယ်။  
 
အိုးထဲစီထည့် 
ပြီးရင် အောက်ဆုံးမှာ မုန်လာဥဖြူတွေကို အရင်စီပြီး အပေါ်မှာ meat intredients တွေကို တစ်ထပ်ချင်း စီထည့်တယ်။ အရင်က အလယ်ကနေ မီးသွေးထည့်ရတဲ့ အိုးတွေ သုံးတယ်။ ခုနောက်ပိုင်း electric အိုးတွေ ပေါ်လာပြီး မီးလျှော့ရ တင်ရတာ လွယ်တယ်၊ အပူမြန်တယ်ဆိုတော့ ပိုအဆင်ပြေသွားတယ်။ မဟုတ်ရင် မီးသွေးထည့်လိုက်၊ ထုတ်လိုက်နဲ့ မလွယ်ဘူး။ ပြီးတော့ အဲဒီအိုးတွေကို ဆေးရတာလည်း ပင်ပန်းတယ်။ 
side dish
Side dish
၁။ ကြက်သား − ပြုတ်ထားတဲ့ ကြက်သားကို ခုတ်ပြီး ပန်းကန်ထဲ စီတယ်။ 
၂။ နွားနို့ခြောက်ကြော် − ဒီအကြော်ကြော်ရတာလည်း လက်ဝင်တယ်။ နွားနို့ခြောက် အပြားကြီးကို တူနဲ့ ခက်ခက်ခဲခဲလိပ်ပြီး ကြော်ရတယ်။ မီးပြင်းရင်လည်း မဟုတ်၊ မီးအေးရင်လည်းမဟုတ်နဲ့။ နည်းနည်းခက်တယ်။
၃။ ကြက်သွန်ချဉ်နဲ့ မုန်ညင်းချဉ်

စားဖို့အသင့် 
ရှမ်းခေါက်ဆွဲရယ်၊ ရှမ်းခေါက်ဆွဲမကြိုက်တဲ့သူတွေအတွက် ဂျုံခေါက်ဆွဲရယ် အရွက်တွေရယ်ကို ကိုယ်လိုချင်သလောက် ဟင်းရည်ထဲထည့်ပြုတ်ပြီး စားလို့ရပြီ။ ;-) တောင်ကြီးလို ချမ်းချမ်းအေးအေး ရာသီဥတုနဲ့ ဟော့ပေါ့က တကယ်ကို လိုက်ဖက်တဲ့ အစားအသောက်တစ်ခုပါဘဲ။


Nyaung Shwe Fish Pond and Restaurant

၂၀၁၄ တောင်ရောက်သွားပြီ။ တောင်ကြီးအကြောင်း မရေးဖြစ်တာကြာလို့ အရင်နှစ် သြဂုတ်လပိုင်း တောင်ကြီးပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံအချို့ ပြန်တင်လိုက်ဦးမယ်။ :D ခါတိုင်း တောင်ကြီးတစ်ခေါက်ပြန်ရင် ရေးစရာ စီးရီးလိုက်ရှိပေမယ့် ဒီတစ်ခေါက်က မိုးတွင်းကြီးဖြစ်နေတော့ အပြင်သိပ်မထွက်ဖြစ်လိုက်ဘူး။ Taunggyi trip ကို ပို့စ်တစ်ခုတည်းပေါင်းရေးမို့ဘဲ၊ ဓါတ်ပုံတွေများနေလို့  ၂ခုတော့ ခွဲလိုက်ဦးမယ်။
ခုနောက်ပိုင်း ငါးကန်တွေ ခေတ်စားတယ်။ အင်းလေးကန်နားက ညောင်ရွှေဘက်မှာ ငါးကန်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ နေရာလေးတွေရှိတယ်။ ဒီတစ်ခေါက် ရောက်ဖြစ်တာက ပေါက်ကျော် ငါးကင်ဆိုင်။  
ပေါက်ကျော် ငါးကင်ဆိုင် 
 အထဲမှာ တော်တော်ကျယ်တယ်။ တဲလေးတွေကို ရေထဲမှာ ဆောက်ထားတာ။ အဲလိုတဲပေါင်း ၂၀လောက် ရှိတယ်။ 
အထဲမှာ သီးသန့် တဲလေးတွေနဲ့ အေးအေးဆေးဆေး သာသာ ယာယာရှိတယ်။
 သူ့ဆိုင်မှာ menu.. ဗိုက်တောင်ဆာလာပြီ။ :D ငါးဟင်းတွေက တစ်ပွဲမှ သုံးထောင်ဝန်းကျင်လောက်ဘဲ။ 
 ငါးဟော့ပေါ့၊ ငါးချဉ်စပ်၊ ငါးကြွပ်ကြော်၊ ငါးထောင်း၊ ခရမ်းချဉ်သီးသုပ်။ လူငါးယောက်စားတာ ၂သောင်းတောင် မကျဘူး။ အဲဆိုင်က ငါးစိမ်းသုပ်လည်း တော်တော်စားကောင်းတယ်။ တောင်ကြီးက ကလေးတွေများ အားနေရင် ဆိုင်ကယ်နဲ့ ကဒီးကဒီး သွားကြတာ။ ငါးစိမ်းသုပ်နဲ့ ငါးထောင်းကို highly recommend လုပ်ပါတယ်။ ;)

 
ငါးကင်ဆိုင်ရဲ့ လမ်းဟိုဘက်ခြမ်းမှာ လယ်တောလေးတွေရှိတယ်။  

မစ္စတာ ဒေးဗစ် ငါးကန် (ညောင်ရွှေမြို့)
ဒီတစ်ပုံက သူငယ်ချင်းရဲ့ FB ကနေ မ လာတာ။ မစ္စတာဒေးဗစ်  ငါးကန်နဲ့ ငါးကင်ဆိုင်။ Mr. David မှာက ကိုယ်တိုင် ငါးမျှားလို့လည်းရတယ်တဲ့။ အမေတို့က ပေါက်ကျော်ဆိုင်က ပိုစားကောင်းတယ်လို့ ပြောတာဘဲ။ ဒါပေမယ့် ဒီတစ်ခုက တော်တော်သာယာတယ်။ နောက်ခေါက်ပြန်ဖြစ်ရင်တော့ မစ္စတာ ဒေးဗစ်မှာ သွားစားဦးမယ်။ :)


Legoland Trip

 အရင်လက မြန်မာပြည်က သူငယ်ချင်းတွေလာတုန်း တစ်နေရာရာသွားလည်ကြမယ်ဆိုတော့ ပီနန်ကန်မရွန်းဟိုင်းလန်းမလက္ကား ဘယ်သွားကြမလည်း ရွေးရင်း တစ်ယောက်မှ မရောက်ဖူးတဲ့ Legoland ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မလေးရှားမှာ ရောက်ဖူးသမျှမြို့တွေထဲမှာ tourist-friendly မဖြစ်ဆုံးမြို့ဘဲ။ :D ၂ရက်လုံး တက္ကစီကော ဘတ်စ်ကားကော စီးရတာ တိုင်ပါတ်နေတယ်။ ဂျိုဟိုးဘာရူးမြို့က စင်ကာပူနိုင်ငံသားတွေ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေတဲ့မြို့ဆိုတော့ စင်ကာပူရီယန်းတွေကို အဓိကထားပြီး အရာရာကို စျေးတင်ထားသလိုဘဲ။ တက္ကစီ စီးရတာတင်ကို တော်တော် ပိုက်ဆံကုန်သွားတယ်။ 

ကေအလ် ကနေ ဂျိုဟိုးဘာရူးကို လေးနာရီကျော်လောက် ဘတ်စ်စီးရတာဆိုတော့ နေ့ချင်းပြန်သွားလို့အဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နှစ်ရက်တစ်ညနေဖို့ ဆုံးဖြတ်လိုက်တယ်။ အစက ပထမတစ်ရက်မှာ ဂျိုဟိုးဘာရူးမြို့ထဲ ပါတ်လည်ဦးမယ်ဆိုပြီး မြို့ထဲကဟိုတယ်ဘဲ လိုက်ရှာတာ။ Hotel Sentral က ပေးတဲ့ ဟိုတယ်+legolandဝင်ခွင့်လက်မှတ်+မနက်စာဘူဖေးရယ် ကို တစ်ယောက် ရင်းဂစ် ၁၈၀ဆိုတော့ တော်တော်သက်သာတာနဲ့ အဲဒီ ဟိုတယ်ဘဲ ရွေးလိုက်တယ်။ Legoland ရောက်ရင် လက်မှတ်ကောင်တာမှာ တန်းစီရတာ သက်သာတယ်ဆိုပြီးယူလိုက်တာ။ Legoland ကလည်း စနေ၊တနင်္ဂနွေသွားရင် လူတစ်အားများမှာစိုးလို့ တနင်္လာတစ်ရက် ခွင့်ယူပြီး တနင်္ဂနွေမနက်ထွက်၊ တနင်္လာညပြန်ဆိုပြီး စီစဉ်လိုက်တယ်။ ခါတိုင်းဆို အင်တာနက်ကနေ ဘတ်စ်ကားလက်မှတ် အြမဲကြိုဝယ်လေ့ရှိပေမယ့် လူတော်တော်များများက ဘတ်စ်ကားဂိတ်ရောက်မှ ဝယ်လည်း ရတယ်လို့ပြောကြတာနဲ့ ​ဂိတ်ရောက်တော့ ၁၀နာရီလက်မှတ်လိုချင်တာ ၁၁ခွဲလက်မှတ်ဘဲရလိုက်တယ်။ နောက်ဆို ဘယ်လောက် လက်မှတ်လွယ်တယ်ပြောပြော ကြိုဝယ်ထားတာဘဲကောင်းပါတယ်။ အသွားအပြန်လက်မှတ်က တစ်ယောက်ကို ရင်းဂစ် ၇၀လောက်ဘဲ။ 

ကေအလ်ကနေ မနက်၁၁နာရီခွဲလောက်မှ ထွက်ရတော့ ဂျိုဟိုးဘာရူးကို လေးနာရီနီးနီးမှ ရောက်တယ်။ ဟိုတယ်ရောက်တော့ check-in ဝင်ပြီး ခဏနားလိုက်တာ မှောင်ခါနီးနေပြီ။ အဲအချိန်မှ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားဖို့ City Square ကိုသွားရတယ်။ နောက်အခေါက်ဆိုရင် City Square တစ်ဝိုက်က ဟိုတယ်တွေမှာတည်းရင် ပိုအဆင်ပြေမယ်။ Hotel Sentral က တော်တော်ကောင်းပေမယ့် City Square ရောက်ဖို့ ၁၀မိနစ်လောက်လမ်းလျှောက်ရတယ်။ လမ်းမကြီးကိုဖြတ်ရသေးတာဆိုတော့ သိပ်အဆင်မပြေဘူး။ City Square မှာ စားပြီးတော့ အထဲမှာ လျှောက်လည်၊ ပြီးတော့ Danga Bay ကို ခဏသွားတယ်။ ပြီးတော့ အားလုံးလဲ ပင်ပန်းတာနဲ့ ဟိုတယ်ဘဲပြန်နားကြတယ်။


မနက်ကြတော့  JB Sentral ကနေ Legoland ကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားက တစ်နာရီမှ တစ်စီးထွက်တာ။ မနက်၉နာရီခွဲကားမှီအောင်သွားပါတယ်ဆို တက္ကစီသမားက ကားဂိတ်မှားပြီး City Square ရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ ချပေးသွားတာနဲ့ ပြန်လိုက်ရှာရင်း ကားလွတ်သွားတယ်။ အဲဒါနဲ့ Legoland ကို တက္ကစီနဲ့ဘဲ သွားလိုက်ရတယ်။ ပုံမှန် တက္ကစီမီတာက၂၅ကျပ်လောက်ဘဲကျတာ။ surcharge အတင်းတောင်းတာနဲ့ လေးဆယ်ကျော် ပေးလိုက်ရတယ်။ ဂျိုဟိုးဘာရူးက ကျယ်တော့ တစ်နေရာ တစ်နေရာ အဝေးကြီးရယ်။ ဘတ်စ်ကားကလည်း တစ်နာရီမှ တစ်စင်းလောက်ထွက်တာ။ လေဆိပ်၊ Legoland၊ Hello Kitty Town၊ KSL city တွေသွားတဲ့ ဘတ်စ်ကားအချိန်စာရင်း ကိုကြည့်ထားရင် ပိုအဆင်ပြေတယ်။ ဘတ်စ်ကားမှတ်တိုင်က CIQ checkpoint အောက်နားလေးတင်ဘဲ။
Legoland အဝင်ဝ
Legoland ကနေ ညနေကြ ဘတ်စ်ကားဂိတ်ကို တန်းသွားမယ်ဆိုပြီး luggage တွေပါ တစ်ခါတည်း သယ်လာခဲ့လိုက်တယ်။ အပြင်မှာရော အထဲမှာပါ Locker တွေငှားလို့ရတယ်။ Locker အသေးက တစ်ရက်ကို ၂၀၊ အကြီးက လေးဆယ်။ ဖုန်းရယ်၊ ကင်မရာတစ်လုံးရယ်ဘဲယူပြီး ကျန်တာတွေအကုန် Locker ထဲထည့်ခဲ့လိုက်တယ်။ Locker က ပါ့စ်ဝေါ့နဲ့ဆိုတော့ ကြားထဲမှာ ကြိုက်တဲ့အချိန်ဖွင့်ပြီး လိုတဲ့ပစ္စည်းထုတ်လို့ရတယ်။ စာတော်တော်ရှည်သွားပြီ။ Legoland ထဲခုမှရောက်မှာ။ :D ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ် ၁၄၀။ online ကနေ တစ်ပါတ်ကြိုဝယ်ရင် ၂၀% လျှော့ပေးတယ်။ နီးမှ စီစဉ်ဖြစ်လို့ ဟိုတယ်က ပေးတဲ့ package ဘဲ ဝယ်လိုက်တာ။

အပြင်ဘက်မှာ အဆင်မပြေခဲ့သလောက် Legoland ထဲရောက်မှ အမောပြေတော့တယ်။ အထဲမှာ group ပုံရိုက်ချင်တဲ့အခါ ကူပြီး ရိုက်ပေးတဲ့ staff တွေရှိတယ်။ တော်တော့်ကို ဖော်ရွေကြတယ်။ ပြီးတော့ သူတို့ရိုက်ပေးတဲ့ ဓါတ်ပုံတွေလည်း တော်တော်ကောင်းတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ခိုင်းရတာထက်တောင် လှသေးတယ်။ :D ကိုယ်ရိုက်ချင်သလောက် မညည်းမညူ ရိုက်ပေးတယ်။ ရောက်ဖူးတဲ့သူတွေက နေတစ်အားပူတယ်ပြောကြပေမယ့် အဲနေ့က မိုးအုံ့နေလို့ တော်တော်နေလို့ကောင်းတယ်။ ဓါတ်ပုံတွေတော့ မှောင်မှိုင်းမှိုင်းတွေဖြစ်ကုန်တယ်။ စဝင်ဝင်ခြင်း miniland ကို အရင်ရောက်တယ်။ အာရှက အထင်ကရနေရာတွေကို lego လေးတွေနဲ့ ပြန်ဆောက်ထားတာ။ ကစားကွင်းတွေဘက်နဲ့စာရင် miniland ကို အချိန်ပေးပြီး ကြည့်ဖြစ်တယ်။ ဒါပေမယ့် lego လေးတွေက အားလုံး လေးထောင့်တုံးတွေဆိုတော့ အချိန်ကြာကြာ စူးစိုက်ပြီးကြည့်ရင် pixelated ဖြစ်ပြီး မူးလာလိမ့်မယ်။ :D 

ဘန်ကောက်က Wat Arun ဘုရားကျောင်း ပုံစံငယ် 

မလေးရှားက ပူထရာဂျာယာပလီ ပုံစံငယ် 

မြန်မာက ကရဝိတ်နန်းတော်ရဲ့ ပုံစံငယ်

လုပ်ထားတာ အရမ်းအနုစိတ်တယ်။ အနောက်ဘက်နားက ဂိတ်စောင့်နေတဲ့ ရဲမက်၂ယောက်ရယ် တံတားပေါ်က ဘုန်းကြီးနှစ်ပါးရယ်ကအစ lego လေးတွေနဲ့ အသေးစိတ်ကို လုပ်ထားတာတွေ့တော့ တော်တော်သဘောကျသွားတာ။ 

အိန္ဒိယက တဂျ်မဟာ

တရုတ်ပြည်က Forbidden Palace၊ အနောက်မှာ ဂရိတ်ဝေါရယ်၊ ပန်ဒါ သေးသေးလေး တွေရယ်လည်း လုပ်ထားတယ်။

ပြီးတော့ Dino Island မှာ ရေလွှာလျှော သွားစီးတယ်။ လူနည်းတော့ တန်းစီစရာသိပ်မလိုတာနဲ့ ၂ခါစီးလိုက်တာ တစ်ကိုယ်လုံးရွှဲရော။ အထဲမှာ Body Dryer ဆိုပြီး လူသုံးလေးယောက်ဝင်လို့ရတဲ့ heater 
တွေတော့ ထားထားပေးတယ်။ ပိုက်ဆံ၁၀ထည့်ရင် ၁၀မိနစ်လောက် ဖွင့်ပေးတယ်။ လူကို ရေလေးနဲ့စိမ်ပြီး စက်ထဲထည့် ကင်ထားသလိုဖြစ်ရော။ :P
Body dryer အခြောက်ခံစက် 
နောက်တော့ Lost Kingdom Adventure ဆိုပြီး အထဲမှာ ပိရမစ်ရုပ်တွေကို လေဆာနဲ့ပစ်ရတာစီးတယ်။ The Dragon Kingdom မှာ roller coaster စီးတယ်။ 5D cinema ထဲမှာ လူတော်တော်များနေလို့ တန်းမစီခဲ့တော့ဘူး။ Star World Miniland Displayကို မမြင်ဘဲ ကျော်သွားတာတော့ နောင်တရလို့ မဆုံးဘူး။
 Lost kingdom adventure
Legoland ထဲမှာ ရှိသမျှ rides တွေအကုန်က child-friendly ဖြစ်တော့ လူကြီးတွေအတွက်ကြတော့ တစ်အားကြီး thrilling ဖြစ်မနေဘူး။ ခြောက်နှစ်အထက် ကလေးဆိုရင် အကုန်ကစားလို့ရတာတွေဆိုတော့။ အဓိက attraction ကတော့ miniland ဘဲထင်တယ်။ အားလုံးကစားပြီး မောသွားတော့ miniland ထဲကို နောက်တစ်ခေါက်ပြန်ဝင်တယ်။ အနုစိတ်လုပ်ထားတဲ့ ပုံစံငယ်လေးတွေကို တစ်အားသဘောကျတာဘဲ။ Legoland ထဲမှာ နေ့လည်စားစရာ ဆိုင်သိပ်မရှိဘူး။ Souvenir တွေလည်း စျေးနည်းနည်ကြီးတယ်။ အြပင်တစ်ကြိမ် ထွက်ခွင့်ပေးတယ်။ အပြင်မှာ စားသောက်ဆိုင် တော်တော်စုံတယ်။ ပင်ပန်းနေကြပြီဆိုတော့ ပြန်မဝင်တော့ဘဲနဲ့ ဘတ်စ်ကားစောင့်ပြီး Larkin Bus Terminal ကို တန်းပြန်ခဲ့ကြတယ်။ ဘတ်စ်ကား အချိန်စာရင်း မှားဖတ်မိလို့ အကြာကြီး စောင့်လိုက်ရသေးတယ်။ :D အဲ၂ရက်လုံး ကားနဲ့ကို အကျိုးမပေးတာ။ 
ရေခဲမုန့်ဆိုင်ရှေ့က Legoရုပ်
Legoland ရှေ့မှာ Legoland Hotel လည်း စဖွင့်ပြီ။ အထဲက decoration တွေမိုက်တယ်။  အထဲမှာ Kingdom themed, pirate themed, adventure themed စသဖြင့် theme အမျိုးအမျိုးနဲ့ အခန်းတွေရွေးလို့ရတော့ ကလေးတွေဆိုရင် တော်တော်သဘောကျကြမယ်ထင်တယ်။ ကိုယ်အတွက်တော့ ပိုက်ဆံအလကားကုန်သလိုဘဲဖြစ်နေမှာ။ Legoland လည်း ဖွင့်တာ တစ်နှစ်ကျော်ဘဲရှိသေးပေမယ့် မလေးရှားကလူတွေ သိပ်စိတ်မဝင်စားကြဘူး။ ကလေးတွေသွားတဲ့နေရာလို့ သူတို့သတ်မှတ်ထားကြတာ။  ကလေးတွေနဲ့လာရင်တော့ ပိုပျော်ဖို့ကောင်းမယ် ထင်တာဘဲ။ တစ်ခေါက်လောက်ရောက်ဖူးပြီးရင် နောက်တစ်ခါထပ်သွားချင်လောက်အောင်တော့ ဆွဲဆောင်မှုရှိတဲ့ နေရာမဟုတ်ဘူးပေါ့။ Lego လေးတွေကို သဘောကျရင်တော့ ဘာဘဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတစ်ခုပါ။ =)


Some interesting smartphone-related terminologies

ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေရဲ့ spec ကိုလိုက်ဖတ်ရင်း ကိုယ်မသိသေးတဲ့/စိတ်ဝင်စားဖို့ကောင်းတဲ့ terminology လေးတွေအကြောင်း လိုက်ရှာဖတ်ပြီး အတိုချုံး ပြန်ရေးလိုက်ပါတယ်။

1. MHL vs. SlimPort®

mobile device+adapter+external display = extended experience

− MHL နဲ့ SlimPort နှစ်ခုလုံးက မိုဘိုင်းဖုန်း ရဲ့ microUSB ကနေ ပြင်ပ display မျက်နှာပြင်တစ်ခုခုနဲ့ audio/video ချိတ်ဆက်သုံးလို့ရတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။

− အရင်ထွက်ပြီးသား Android ဖုန်းတော်တော်များများမှာ MHL ပါပြီးတော့ Nexus 4, Nexus 5 နဲ့ Nexus 7, Asus Padphone လောက်ဘဲ SlimPort နဲ့ ထုတ်ထားတာရှိသေးတယ်။ (List of MHL-ready phones၊ List of SlimPort devices )

− MHL ကို HDMI devices တွေနဲ့ဘဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အဲဒါတောင်မှ HDTV နဲ့ချိတ်မယ်ဆိုရင် MHL-certified HDMI input ရှိတဲ့ တီဗီမျိုးမှ ရမယ်လို့ ဆိုပါတယ်။ SlimPort ကိုတော့ HDMI, VGA, DVIA, DisplayPort အားလုံးနဲ့ ချိတ်ဆက်သုံးလို့ ရပါတယ်။

− MHL adapter တွေက external power လိုပြီး SlimPort က မလိုပါဘူး။ MHL 2.0 နောက်ပိုင်းမှာ external power သပ်သပ် မလိုတော့ပေမယ့် main device ကနေ ပါဝါတော်တော်စားသေးတယ်လို့ သိရတယ်။

- SlimPort ရဲ့ speed က MHL ထက် ၂ဆလောက် ပိုမြန်တယ်။ SlimPort က Full HD ကို support လုပ်တယ်။  

-  MHL ကော Slimport ရော Android phone/tablet တွေကနေ Adapter နဲ့ display ကိုချိတ်တဲ့အခါ ဒေါင်လိုက်မရဘဲ အလျားလိုက် တစ်ခုဘဲရတာကိုတော့ သိပ်သဘောမကျပါဘူး။ application တွေကို demo လုပ်ရ အဆင်မပြေတော့ဘူး။ ဂိမ်းဆော့ ရုပ်ရှင်ကြည့်လောက်ဘဲ အဆင်ပြေမယ်။ video ရော audio ရော ချိတ်ဆက်သုံးလို့ရတာဆိုတော့ Surround Sound speaker တွေရှိရင်တော့ တော်တော်မိုက်မယ်။ 

 
video: Slimport In Action

SlimPort က သုံးရပိုအဆင်ပြေတယ်လို့ ကောက်ချက်ချလို့ရပေမယ့် သူ့နည်းပညာက free မဟုတ်တော့ နောက်ပိုင်းလည်း devices များများ ထပ်ထွက်ဖို့တော့ မရှိလောက်သေးဘူး။ MHL ကတော့ လူသုံးပိုများတဲ့ စံနှုန်းဖြစ်နေသေးတယ်။ MHL 3.0 မှာလည်း တော်တော်တိုးတက်လာတော့ နောက်ပိုင်းဆို SlimPort နည်းပညာကို မှီလာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

ကိုးကား −
- http://blog.clove.co.uk/2012/11/02/what-is-slimport/
- http://www.slimportconnect.com/

- http://www.meetmhl.com/index.aspx

2. Gorilla Glass

Gorilla Glass က US ကုမ္ပဏီ Corning Inc. ရဲ့ နည်းပညာဖြစ်ပြီး ပြုတ်ကျရင်တော်ရုံမကွဲ၊ ဖိအား တော်တော်ပြင်းတာကိုခံနိုင်ပြီး၊ တော်ရုံခြစ်ရာမထင်တဲ့ မှန်တစ်မျိုးတဲ့။ ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတော်တော်များများ Corning Gorilla Glass နဲ့ ထုတ်လာကြတယ်။ ပိုက်ဆံတစ်အားပေါတဲ့သူတွေ drop test, scratch test လုပ်ထားတာ youtube မှာ အများကြီးဘဲ။ ကားနဲ့တက်ကြိတ်တဲ့သူတောင်ရှိသေး။ :D အဲလိုပေါက်တတ်ကရလုပ်ရင်တော့ screen အောက်က display ကတော့ ပျက်စီးသွားတတ်တယ်။ မှန်ကတော့ မကွဲဘူး။ ခြစ်ရာလည်း တော်ရုံမထင်ဘူး။ အမှန်ဆို gorilla glass နဲ့ဖုန်းတွေက screen protector တောင်မလိုဘူး။ ဒါပေမယ့် ဖုန်းအသစ်ဝယ်ရင် screen protector ကပ်ရမယ်ဆိုတာကြီး အရိုးစွဲနေတော့ ကပ်လိုက်ရမှ ကျေနပ်တယ်။ :D

3. Dragontrail Glass
Dragontrail Glass ကြတော့ ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်တာ။ သူလဲ တော်ရုံခြစ်ရာမထင်ဘူး၊ တော်ရုံကျရင် မကွဲတဲ့ မှန်မျိုးပေါ့။ Gorilla glass လောက်တော့ မမာဘူးထင်တယ်။ Sony Xperia Z1 တို့ Galaxy Nexus တို့က Dragontrail Glass နဲ့ ထုတ်ထားတာ။ 

4. Oleophobic coating
Oleophobic ဆိုတာ ဂရိစာလုံးဖြစ်ပြီး "Afraid of oil" လို့ အဓိပ္ပါယ်ရတယ်။ ဖုန်း screen တွေမှာ လက်ဗွေရာ သိပ်မထင်အောင် Oleophobic Coating ထည့်ကြတယ်။ အဲဒီ coating ပါတာ ခုထိတော့ iphone, ipod, ipad တွေလောက်ဘဲ ရှိသေးတယ်။ car wax polish တွေဖြန်းပြီး Oleophobic coating DIY လုပ်တဲ့သူတွေလည်း ရှိတယ်။

5. Smartphone Sensors
စမတ်ဖုန်းတွေမှာ အခု sensor ပေါင်းစုံပါလာတယ်။ Accelerometer က orientation အတွက်၊ gyroscope က ဂိမ်းကစားဖို့အတွက်ထည့်ထားတာ။ barometer ပါလာတာ ထူးဆန်းတယ်။ GPS က latitude, longitude, altitude နဲ့ 3-dimension တွက်ရတော့ အြမင့်ကို တွက်ဖို့အတွက် barometer တွေထည့်ထားတာတဲ့။ လေဖိအားရော တိုင်းလို့ရမလားမသိဘူး။ Galaxy S4 နဲ့ Note 3 မှာဆိုရင် temperature sensor, humidity sensor တွေတောင်ပါတယ်။ နောက်ဆို ဖုန်းတွေမှာ ဘာ sensor တွေ ထပ်ပါလာဦးမလဲမသိ။   

6. GLONASS
GLONASS ဆိုတာ ရုရှားကနေ navigation အတွက်သုံးဖို့ လွှင့်တင်ထားတဲ့ ဂြိုလ်တုစနစ်။ ဂြိုလ်တုပေါင်း ၂၄ခု လွှင့်တင်ထားပြီး ရုရှားအတွက် သုံးဖို့ အဓိကဖြစ်တဲ့အတွက် ကမ္ဘာ့မြောက်ဘက်ခြမ်းမှာသုံးရင် ပိုတိကျတဲ့အဖြေကို ရတယ်တဲ့။ GLONASS ကို support လုပ်တဲ့ ပထမဆုံး smartphone က iPhone 4s တဲ့။ ခုနောက်ပိုင်း ၂၀၁၃မှာထွက်တဲ့ ဖုန်းတော်တော်များများရယ်၊ Garmin device အသစ်တွေရယ်က GPS ရော GLONASS ရော ၂မျိုးလုံး support လုပ်တယ်။ GPS တစ်မျိုးတည်းသုံးတဲ့ ဖုန်းတွေထက် ၂၀ရာခိုင်နှုန်း ပိုတိကျတဲ့ positioning ရတယ်လို့ ဆိုပါတယ်။ ၂ခုလုံးကို support လုပ်တော့ turn-by-turn navigation သုံးရတာ ပိုအဆင်ပြေလာတယ်။ EU ကလည်း Galileo လို့ အမည်ရတဲ့ ဂြိုလ်တုစနစ်ကို ၂၀၁၄မှာ သုံးနိုင်အောင် ပြင်ဆင်နေပါတယ်။ တရုတ်ပြည်ကလည်း Compass Navigation System  ဆိုပြီး ဂြိုလ်တု ၃၅လုံးလွှင့်တင်ထားပြီး GPS ထက် ပိုပြီးကောင်းမွန်တဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေတယ်တဲ့။ GLONASS ကို support လုပ်မလုပ်က processor/chipset နဲ့ဆိုင်တာ။ ခုနောက်ပိုင်းထွက်တဲ့ snapdragon processor တွေအကုန် GLONASS ကို support လုပ်တယ်တဲ့။

ကိုးကား − 
− http://thetecnica.com/2013/02/what-is-glonass-in-mobile-phones
- GPS and GLONASS: "Dual-core" Location For Your Phone