Confessions of a software developer - The art of changing job

ကျောင်းပြီးကတည်းက ကုမ္ပဏီတစ်ခုတည်းမှာဘဲ ပျော်ပျော်ကြီးလုပ်နေတာ ခြောက်နှစ်လောက်ကြာသွားတယ်။ ပထမ ကုမ္ပဏီက tech-startup ဆိုတော့ ဝန်ထမ်း ၁၀ယောက်လောက်ဘဲ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက အားလုံးကောင်းကြတာရယ်၊ အလုပ်နဲ့ အိမ်နဲ့ နီးတာရယ်၊ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုသိပ်မများတာရယ် (တစ်ခါတစ်လေ ပေါက်ကရလေးဆယ် အကုန်လုပ်ခိုင်းတာကလွဲလို့)၊ တစ်နှစ်မှာ မြန်မာပြည်ပြန်ဖို့ ခွင့်ရက်အများကြီးပေးတာရယ်၊ အလုပ်ကို သွားချင်တဲ့အချိန်သွားပြီး ပြန်ချင်တဲ့အချိန် ပြန်လို့ရတာရယ်၊ နောက်အလုပ်သစ်ထပ်ရှာရမှာ ပျင်းတာရယ်၊ အခြားပါတ်ဝန်းကျင်အသစ်ကို ပြောင်းဖို့ တွေဝေနေတာတွေရယ်ကြောင့် comfort zone ထဲမှာ ပျော်မွေ့ပြီး ခြောက်နှစ်လောက် တစ်နေရာထဲမှာ လုပ်ဖြစ်သွားတယ်။ ကြားထဲမှာ ကျောင်းဆက်တက်ရင်ကောင်းမယ်ဆိုပြီး သွားတက်လိုက်၊ supervisor တွေနဲ့ အဆင်မပြေလို့ ကျောင်းပြန်နားထားလိုက်နဲ့ လုံးချာလည်သွားသေးတာတွေလည်း ပါတာပေါ့။ 

တစ်နေ့တော့ ခြောက်နှစ်လောက် အိပ်ပျော်နေရာကနေ ရုတ်တရက် လန့်နိုးလာသလိုဘဲ အလုပ်ပြောင်းချင်စိတ် ပေါက်လာတယ်။ jobstreet မှာ resume တွေလိုက်တင်တယ်။ အင်တာဗျူးတွေ လာဖို့ခေါ်ပေမယ့် အင်တာဗျူးသွားရမှာ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရပြန်တော့ withdraw တွေပြန်လိုက်လုပ်တယ်။ :D (စကားချပ် - jobstreet က တော်တော့်ကို တိုးတက်လာတယ်။ အလုပ်ရှာရတာ တော်တော်အဆင်ပြေတယ်။) ပရိုဂရမ်မာလုပ်နေတာ ခြောက်နှစ်လောက် ရှိပြီဆိုပေမယ့် တစ်ခုတည်းကို တစိုက်မတ်မတ်မလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်ခဲ့တော့ ဘာတစ်ခုကိုမှ သေချာမကျွမ်းကျင်နေသလို ြဖစ်နေပြန်ရော။ startup ကုမ္ပဏီတွေမှာ လုပ်ရင်က ပရောဂျက်မျိုးစုံ လက်ခံတာဆိုတော့ ခဏနေ .NET နဲ့ရေးလိုက်၊ ခဏနေ PHPနဲ့ ရေးရလိုက်၊ PHP ကိုမှ ပရောဂျက်လိုအပ်ချက်အရ CodeIgniter, Zend စသဖြင့် framework တွေကလည်း မတူပြန်ဘူး။ ပြီးတော့ တစ်ယောက်တည်း ပရောဂျက် အစအဆုံးနီးနီးလောက် တာဝန်ယူရတော့ Analyst လည်း ကိုယ်ဘဲ၊ programmer လည်း ကိုယ်၊ tester/documenter လည်း ကိုယ်ဆိုတော့ တစ်ခါတစ်လေ တော်တော်ခေါင်းစားတယ်။ အဲကုမ္ပဏီမှာ တစ်ခုကောင်းတာကြတော့ တစ်နှစ်တစ်နှစ် performance appraisal လုပ်တဲ့အခါ လာမယ့်နှစ်မှာ ဘာတွေလုပ်ချင်သလဲဆိုတာ ဖြည့်ခိုင်းတယ်။ mobile app ရေးချင်တယ်ဆိုတော့ J2ME သင်တန်းပို့ပေးပြီး project ရှာပေးတယ်။ Web Services, J2EE, Semantic Technology နဲ့ပါတ်သက်တဲ့ project တွေလည်း လုပ်ရတယ်။ Android ကို စိတ်ဝင်စားတယ်ဆိုတော့ training ပို့ပေးတယ်။ android project တွေ ရှာပေးတယ်။ ဒီလိုနဲ့ ဟိုစပ်စပ် ဒီစပ်စပ်က တစ်ဖြည်းဖြည်း ပိုများလာတယ်။ ဒါတောင် နောက်တစ်နှစ်ထပ်နေရင် iOS app ရေးချင်တယ်လို့ ပြောမိဦးမယ်ထင်တာဘဲ။ 

ပြောချင်တာက တော်တော်များများကို သိထားတာ ကောင်းတယ်ဆိုပေမယ့် တစ်ခုတည်းကို ကောင်းကောင်းမသိရင်လည်း မဟုတ်ပြန်ဘူး။ တစ်နေရာတည်းမှာ ခြောက်နှစ်ဆိုတော့ တော်တော်ြငီးငွေ့လာတယ်။ ပေါက်ကရလေးဆယ် အစုံလုပ်ရတာ ကြာလာတော့ တစ်ခုတည်းကို တစိုက်မတ်မတ်လုပ်ချင်လာတယ်။ အလုပ်ပြောင်းရင် ဘာလုပ်ချင်လည်းဆိုတာ စဉ်းစားရတယ်။ PHP နဲ့ web အပိုင်းကြတော့ လုပ်ရတာများလို့ တော်တော်ပျင်းသွားပြီ။ ဒီနှစ်ပိုင်းတွေမှာက Android ပရောဂျက်လုပ်တာများတယ်ဆိုတော့ အဲတစ်ခုတော့ နည်းနည်း confidence ရှိတယ်။ Android app တွေရေးတယ်ဆိုပေမယ့် Java  ကို ထဲထဲဝင်ဝင် မကျွမ်းကျင်တော့ စိတ်ပူမိသ​ေးတယ်။ ဖြစ်ချင်တော့ job market ထဲမှာ Android programmerတွေ နည်းနေသေးလို့လားမသိ အလုပ်ရှာရ သိပ်မခက်လိုက်ဘူး။ အိမ်လည်းပြောင်းစရာမလို၊ ရထားနဲ့သွားရင် ရောက်မယ့်နေရာမျိုးမှာရှိတဲ့ ကုမ္ပဏီမျိုးကို ရွေးပြီး အင်တာဗျူး ၂ခုတိတိ သွားလိုက်တယ်၊ ြပီးတော့ အရင် offer တဲ့တစ်ခုကို လက်ခံဖြစ်သွားတယ်။ 

စိတ်ကူးပေါက်လို့သာ အလုပ်ထပြောင်းပေမယ့် comfort zone ထဲက ထွက်ရတော့ စစချင်း လုပ်မှလုပ်နိုင်ပါ့မလားလို့ စိုးရိမ်မိတာ အမှန်ဘဲ။ ပထမ အလုပ်ဝင်တဲ့တစ်လတော့ အလုပ်ပြောင်းမိတာ နောင်တရချင်သလိုလို ဖြစ်မိသေးတယ်။ ကိုယ်သိတဲ့လူလည်း တစ်ယောက်မှမရှိ၊ ပြီးတော့ အလွန်အင်မတန် ရှုပ်ထွေးပွေလီလှတဲ့ app ကြီးတစ်ခုလုံးကို စရောက်တဲ့နေ့မှာဘဲ ရော့..အင့်.. ဆိုပြီး လက်ထဲထိုးထည့်သွားတာ။ ဘယ်သူကမှ ဘယ်ကစလုပ်ရမယ်ဆိုတာ လာမရှင်းပြဘူး။ ကိုယ့်အရင်လုပ်သွားတဲ့ ပရိုဂရမ်မာက အလုပ်ထွက်သွားတာ ခြောက်လလောက်ရှိပြီတဲ့။ ပိုဆိုးတာက domain knowledge က စတော့စျေးကွက်ဆိုတော့ တစ်ခါမှကို ယောင်လို့တောင် မလေ့လာဖူးတဲ့ subject ကြီးဖြစ်နေတာ။ အဲဒီအလုပ်ကို ဘာလို့လက်ခံလိုက်သလဲဆိုတာ ကိုယ့်ကိုယ် ခဏခဏ ပြန်မေးကြည့်ရသေးတယ်။

ဒါပေမယ့် ၂ပါတ်လောက်အပြီးမှာတော့ နည်းနည်းအသားကျလာတယ်။ ဘေးနားမှာထိုင်တဲ့ iOS ပရိုဂရမ်မာက စတော့စျေးကွက်တွေအကြောင်း အလွယ်ဆုံးနည်းနဲ့ ရှင်းပြတယ်၊ ပြီးတော့ ဒါတွေက စိတ်ဝင်တစား လေ့လာရင် နားလည်ဖို့ တစ်အားလွယ်တယ်လို့ အားပေးတယ်။ ပြီးတော့ ကိုယ့်လိုဘဲ nexus ဖုန်းတွေ၊ google technology တွေကို ခရေဇီဖြစ်တဲ့သူတွေရှိတော့ သူတို့တွေနဲ့ ခဏအတွင်း ခင်သွားတယ်။ She speaks our language တဲ့။ :) အချို့တွေကတော့ နည်းနည်း အထာကိုင်တဲ့သူတွေရှိတယ်၊ အဲလိုလူမျိုးကြတော့ မျက်နှာငယ်လေးနဲ့ ကိုယ်သိချင်တာ မရရအောင် လိုက်မေးရတယ်။ ပုံမှန်ဆို ကိုယ်က ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ anti-social ဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘာသိဘာသာ နေဖြစ်ဖို့ များတယ်။ ကံကောင်းချင်တော့ ကိုယ့် ဥပဓိရုပ်က ထူးဆန်နေလို့လားတော့မသိ၊ စပ်စပ်စုစု မေးခွန်းပေါင်း သောင်းခြောက်ထောင် လာလာမေးကြတော့ တစ်လအတွင်း ခင်တဲ့သူ ထင်တာထက် များလာတယ်။ တရုတ်စကားရယ်၊ မလေးစကားရယ် ပြောတတ်တော့ ပြောရဆိုရ ပိုအဆင်ပြေတာလည်း ပါမယ်ထင်တယ်။ (၁၀နှစ်လောက်မပြောဘဲ ပစ်ထားတဲ့ တရုတ်စကား မေ့မသွားတာဘဲ ကျေးဇူးတင်ရမယ်။) ကိုယ် report လုပ်ရတဲ့ supervisor ရော director ရောက တော်တော်သဘောကောင်းကြတော့ စိတ်ချမ်းသာရတယ်။ 

အခု အလုပ်အသစ်မှာ ၂လလောက်ရှိသွားပြီဆိုတော့ တော်တော်အသားကျသွားပြီ။ ပွစိထနေတဲ့ Java ကုဒ်တွေကိုလည်း ကြည့်ရင်းကြည့်ရင်း မျက်စိယဉ်လာပြီ။ စတော့စျေးကွက်ကိုလည်း နည်းနည်း တီးမိခေါက်မိ ရှိလာပြီ။ အလုပ်သစ်ပြောင်းရမှာကို စိုးရိမ်ခဲ့တဲ့ anxiety တွေလည်း အကုန်ပျောက်သွားပြီ။ ကံဘဲကောင်းသလား၊ လုပ်ငန်းခွင် တော်တော်များများက ဒီအတိုင်းဘဲ ဆိုတာလားတော့ မသိပေမယ့် သေချာတာတစ်ခုက အလုပ်သစ်၊ ပါတ်ဝန်းကျင်အသစ်ဟာ အတွေးအခေါ်အသစ်တွေကို အများကြီး ပေးနိုင်တာတော့ အမှန်ပါဘဲ။ အလုပ်လေးတစ်ခု ပြောင်းတာများ ဒီလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးရသလားဆိုရင်တော့ ကျွန်မလို ပါတ်ဝန်းကျင်အသစ်၊ လူအသစ်တွေကို ကြောက်တတ်တဲ့သူတစ်ယောက်အတွက်တော့ မဟာစွန့်စားခန်းကြီးပါဘဲ။ :D အလုပ်သစ်ပြောင်းခြင်း အနုပညာ ဤတွင် တစ်ခန်းရပ်ဧ။်။ o_o

2 comments:

Nay Nay Naing said...

Congratulations, Sis.

Thinzar Najma said...

Ma NNN>> Thanks :)

Post a Comment

Please feel free to use any font to comment :)